ငံပြာရည်

ငံပြာရည်(Fish-paste Whey)

ပြင်ဆင်ရန်

သာမန်အားဖြင့် ငါးပိမှထွက်သော အရည်သည် ငံပြာရည် ဖြစ်သည်။ သို့ရာတွင် ငါးပိအကြောင်းရပ်တွင် ဖော်ပြခဲ့သော ငါးပိမျိုးအပြင်၊ ပဲမှလုပ်သော ပဲငါးပိဟူ၍လည်း ရှိသေးရကား၊ ပဲငါးပိမှရသော ပဲငံပြာရည်ဟူ၍လည်း ရှိလေသည်။ ငံပြာရည်ကို စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိတို့မှ ရသည်။ ထိုငါးပိမျိုးအစားကို လိုက်၍ စိမ်းစားငံပြာရည်၊ မျှင်ငံပြာရည်၊ ဒမင်းငံပြာရည်ဟူ၍ အမျိုးမျိုး ရှိသည်။ ငါးပိကောင်လုပ်ရာမှလည်း ငံပြာရည် ရနိုင်သေးသည်။

ငါးပိသိပ်သော စည်၏ကြမ်းပြင်မှာ အိမ်ခေါင်မိုးကို ပြောင်းပြန်ထားသကဲ့သို့ ဆင်ခြေလျှောဖြစ်သည်။ ထိုဆင်ခြေလျှော ကြမ်းပြင်၏အလယ်တွင် ရေတံလျောက်ကိုခံထားရသည်။ ထိုရေတံလျှောက်မှ ငံပြာရည်စီးဆင်းလာသည်။ အချို့ဒေသ၌ ငါးပိကို ရာဝင်အိုးများနှင့် သိပ်ရသည်။ ငါးပိမှာ လေးသောပစ္စည်းဖြစ်၍ အိုးထဲတွင် တဖြည်းဖြည်းထိုင်သွားသည်။ ထိုအခါ၌ ငံပြာရည်သည် စိမ့်၍အပေါ်သို့ တက်လာသည်။ ဤသို့ တက်လာသောငံပြာရည်ကို အိုးသွတ် ငံပြာရည်ဟု ခေါ်သည်။ငါးပိမှရသော ငံပြာရည်ကို မြန်မာလူမျိုးတိုင်းလိုလိုပင် ကြိုက်နှစ်သက်ကြသည်။ ထိုငံပြာရည်၏အနံ့မှာ အနည်းငယ်ပြင်း၏။ အရသာမှာချို၍ ငန်၏။ ထို့ကြောင့် ငါးငံပြာရည်ကို ဟင်းချက်ပြုတ်ရာတွင်သုံးလျှင် ဟင်း၏အရသာပို၍ ကောင်းလာပေသည်။ ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို အစိမ်းလိုက် ခတ်၍ အသုံးပြုကြ၏။ တစ်ခါတစ်ရံ ငါးပိရည်အစား ကျိုပြီးသား ငံပြာရည်ကို ငရုတ်သီးမှုန့်နှင့်ဖျော်၍ တို့စရာနှင့်စားတတ်ကြ၏။ ပဲငံပြာရည်ကို တရုတ်လူမျိုးတို့သည် ဟင်းချက်ပြုတ်ရာ၌အသုံးများကြသည်။ မြန်မာတို့လည်း စားသုံးကြသည်။ အထူးအားဖြင့် သက်သတ်လွတ်ဟင်းများ၌ ငါးငံပြာရည်အစား ပဲငံပြာရည်ကိုသုံးကြသည်။ ပဲငံပြာရည်ကိုမူ ပဲပိစပ်မှ အောက်ပါအတိုင်း လုပ်ယူကြသည်။

ပထမတွင် ပဲပိစပ်ကို နူးနပ်အောင် ပြုတ်ရသည်။ ကောင်းစွာနူးနပ်သောအခါ ပဲများကို အိမ်တွင်း၌ ရက်ပေါင်းအနည်းငယ်ကြာမျှ ဖြန့်ထားရ၏။ ဤသို့ ဖြန့်ထားစဉ် ပဲများအပေါ်တွင် မှိုများတက်လာသည်။ မှိုတက်လာသောအခါ ပဲများကို နေလှန်းပေးရသည်။ ကောင်းမွန်စွာ ခြောက်သွေ့သောအခါ ပဲများကို အသင့်ကျိုထားသော ထန်းလျက် သို့မဟုတ် ကြံသကာရည်ထဲတွင် ဆားတော်သင့်ရုံထည့်၍ စိမ်ပေးသည်။ ရက်အတန်ကြာ ကြာထားသောအခါ ပဲငံပြာရည် ဖြစ်လာသည်။ စိမ်ထားသော ပဲများသည် ပဲငါးပိဖြစ်၏။ ပဲငံပြာရည်သည် ထန်းလျက် သို့မဟုတ် ကြံသကာရည်၏ အပျစ်အကျဲကိုလိုက်၍ အရည်ပျစ် အရည်ကျဲဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ ပဲငံပြာရည်၏ အနံ့မှာ ငါးငံပြာရည်ကဲ့သို့ မပြင်းဘဲ ခပ်သင်းသင်းနေ၏။ အရသာမှာ ချိုသည်။ ပဲငံပြာရည်သည် ဟင်း၏အရသာကို ထူးခြားစေသည့်ပြင် အရောင်ကိုလည်း ကောင်းစေ၏။ မြန်မာတို့သည် ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို အသုံးများကြသကဲ့သို့ တရုတ်တို့သည်လည်း ပဲငံပြာရည်ကို အသုံးများကြသည်။ [၁]

ကိုးကား

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမြန်မာအမျိုးသမီးများနေ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အာဇာနည်နေ့အောင်ဆန်းမဟာသမယသုတ်အောင်ဆန်းစုကြည်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နယုန်လပြည့်နေ့မြန်မာပြည်ထိုင်းနိုင်ငံမြန်မာနိုင်ငံဂျပန်နိုင်ငံမဟာသမယနေ့တပ်မတော်မေတ္တသုတ်ပုဂံကားလိုး ကော်လိုဒီအနော်ရထာတရုတ်ပြည်သူ့သမ္မတနိုင်ငံဘဂျမ်း (ကာတွန်း)မဟာသမယ အခါ​တော်​နေ့​ပွဲအလောင်းမင်းတရားမူးယစ်ဆေးဝါးမင်းအောင်လှိုင်ပဋ္ဌာန်းသုခ (ပန်းချီဆရာ)ပုဂံခေတ်ဒုတိယ ကမ္ဘာစစ်ရွှေတိဂုံစေတီတော်ပန်ထွာဘုရင်မဗမာလူမျိုးရွှေကျင်ဂိုဏ်းကဏ္ဍ:မြန်မာစကားပုံများဘုရင့်နောင်အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကျန်စစ်သား