အက်စ် အာရ် နာသန်
အက်စ် အာရ် နာသန် ဟု အများသိကြသည့် ဆီလာပန် ရာမန်နာသန် (၃ ဂျူလိုင် ၁၉၂၄ - ၂၂ ဩဂုတ် ၂၀၁၆)[၁] သည် စင်ကာပူနိုင်ငံ၏ နိုင်ရေးသမား တစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၁ အထိ စင်ကာပူနိုင်ငံ၏ ဆဌမမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စင်ကာပူနိုင်ငံ သမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး သမ္မတတစ်ဦးလည်း ဖြစ်သည်။
S. R. Nathan | |
---|---|
செல்லப்பன் ராமநாதன் Cellappaṉ Rāmanātaṉ 塞拉潘·拉馬·纳丹 | |
6th President of Singapore | |
တာဝန်သက်တမ်း 1 September 1999 – 31 August 2011 | |
ဝန်ကြီးချုပ် | Goh Chok Tong Lee Hsien Loong |
ယခင်လူ | Ong Teng Cheong |
ဆက်ခံသူ | Tony Tan Keng Yam |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Singapore, Straits Settlements | ၃ ဇူလိုင်၊ ၁၉၂၄
ကွယ်လွန် | ၂၂ ဩဂုတ်၊ ၂၀၁၆ Singapore General Hospital, Singapore | (အသက် ၉၂)
သင်္ဂြိုဟ်ရာနေရာ | Mandai Crematorium |
ကြင်ဖော်(များ) | Urmila Nandey |
သားသမီး | Juthika Ramanathan Osith Ramanathan |
မိခင်ကျောင်း | University of Malaya |
ကိုးကွယ်သည့်ဘာသာ | Hinduism |
ဘဝအစ ပြင်ဆင်ရန်
ငယ်စဉ်က ခက်ခဲသောဘဝကို ဖြတ်သန်းခဲ့ရသည်။ ငယ်စဉ်မှာပင် ဖခင်မှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ထို့အပြင် ၎င်း၏ညီအကို သုံးဦးမှာလည်း ငယ်ရွယ်စဉ်ပင် ကွယ်လွန်သွားကြသည်။ ကျောင်းမှ နှစ်ကြိမ်ထုတ်ခံဖူးပြီး အိမ်မှလည်း ထွက်ပြေးဖူးသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်များအတွက် စကားပြန်အဖြစ် အလုပ်လုပ်ပေးရင်း စာပေးစာယူ ပညာရေးဖြင့် အထက်တန်းကို အောင်မြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်နှင်တွင် စင်ကာပူနိုင်ငံရှိ မာလာယုတက္ကသိုလ်မှ ဒီပလိုမာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ အစိုးရဝန်ထမ်းအဖြစ် စတင်ခဲ့သည်။ ၁၉၆၂ ခုနှစ်နှင့် ၁၉၆၆ ခုနှစ်ကြားတွင် အမျိုးသား ကုန်သွယ်ရေး သမဂ္ဂကွန်ဂရက် (National Trades Union Congress)၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနခွဲ (Security and Intelligence Division) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၉ နှင့် ၁၉၈၂ ခုနှစ်ကြားတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၂ ခုနှစ်၌ အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီး Straits Times သတင်းစာ၏ ဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အခြားကုမ္ပဏီများတွင်လည်း အုပ်ချုပ်ရေးရာထူးများ ရယူလုပ်ဆောင်ခဲ့သည်။ ၁၉၈၈ နှင့် ၁၉၉၆ ကြားတွင် မလေးရှားနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ ကော်မရှင်နာမင်းကြီးအဖြစ်၎င်း၊ သမ္မတမဖြစ်မီ အချိန်အထိတွင် အမေရိကန်နိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့သည်။
သမ္မတရာထူးမှ အနားယူပြီးအချိန်တွင် နာသန်သည် စာရေးခြင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေပြီး စင်ကာပူနိုင်ငံ စီမံခန့်ခွဲမှုဆိုင်ရာ တက္ကသိုလ်၊ လူမှုရေးသိပ္ပံကျောင်းနှင့် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံ တို့တွင် အကြီးတန်းသုတေသီအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ စင်ကာပူအစိုးရက နိုင်ငံတော်ဇာပနဖြင့် ဂုဏ်ပြုခဲ့သည်။
သမ္မတနာသန်ကို ဂုဏ်ပြုပြီး ၂၀၁၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ လူမှုရေးသိပ္ပံဆိုင်ရာ တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဝန်ဆောင်မှုကျောင်းကို အက်စ် အာရ် နာသန် လူ့စွမ်းအားအရင်းအမြစ်ကျောင်းဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။ ဆုတံဆိပ်များအဖြစ် ၁၉၆၄ ခုနှစ်တွင် Bintang Bakti Masyarakat (Public Service Star) ဆု၊ ၁၉၆၇ ခုတွင် Pingat Pentadbiran Awam (Perak) (Public Administration Medal, Silver)၊ ၁၉၇၅ခုနှစ်တွင် Pingat Pentadbiran Awam (Meritorious Service Medal)၊ ၂၀၁၃ခုတွင် Darjah Utama Temasek (Order of Temasek) (First Class) များ ရရှိခဲ့သည်။ စင်ကာပူအမျိုးသား တက္ကသိုလ်နှင့် စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဘွဲ့များလည်း လက်ခံရရှိခဲ့သည်။
ဆီလာပန် ရာမန်နာသန် ကို ၁၉၂၄ ခု ဂျူလိုင်လ ၃ ရက်နေ့တွင် တမီအိန္ဒိယ မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဗီ ဆီလာပန် နှင့် အဘီရာမီ တို့ဖြစ်ကြပြီး အကိုနှစ်ယောက်မှာ မူအာနှင့် ဂျိုဟိုးတိ့ဖြစ်သည်။ ငယ်စဉ်က ပင်လယ်ကမ်းခြေတစ်ခုတွင် မိသားစု အတူနေထိုင်ကြသည်။[၂] မွေးချင်းမှာ စုစုပေါင်း ၇ ဦးရှိပြီး အခြားအကို သုံးဦးမှာ နာသန်ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သည်။ [၃] ဖခင်မှာ ရာဘာစိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ဆောင်နေသော ရှေ့နေတစ်ယောက်၏ စာရေးအဖြစ် အလုပ်ရရှိကာ မာလာယုသို့ ပြောင်းရွှေ့ခဲ့ရသည်။ သို့ရာတွင် ၁၉၃၀ ရာဘာဈေးကွက်နှင့် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မိသားစုအရေး မတည်မငြိမ် ဖြစ်ခဲ့ရလေသည်။ ဖခင်မှာ အကြွေးများတင်ပြီး နာသန် ၈ နှစ်သားအရောက်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
ထို့နောက် မိသားစုမှာ စင်ကာပူသို့ပြန်လာခဲ့သည်။ နာသန်သည် အလယ်တန်းပညာရေးကို အင်္ဂလို-တရုတ် အလယ်တန်းကျောင်းနှင့် ရန်ကုန်လမ်းညနေပိုင်းကျောင်းတို့တွင် တက်ရောက်ပညာသင်ခဲ့သည်။ အထက်တန်းပညာရေးကို ဝိတိုရိယကျောင်းတွင် တက်ရောက်ပညာသင်ခဲ့သည်။ သို့ရာတွင် ကျောင်းမှ နှစ်ကြိမ်တိတိ ကျောင်းထုတ်ခံခဲ့ရသည်။ မိခင်ဖြစ်သူနှင့် စကားများ ကတောက်ကဆဖြစ်ပြီး အသက် ၁၆ တွင် အိမ်မှထွက်ပြေးခဲ့သည်။ . ဂျပန်ခေတ်အတွင်းတွင် ဂျပန်ဘာသာစကား သင်ကြားခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့အတွက် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [၄][၅] စစ်ကြီးအပြီးတွင် အထက်တန်းပညာရေးကို အောက်စဖို့ရှိ ဝိုဆေးဟော[၆] မှ စာပေးစာယူစံနစ်ဖြင့် ပြီးမြောက်ခဲ့ပြီး (ထိုအချိန်က စင်ကာပူတွင်ရှိသော) မာလာယုတက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝ ဒုတိယနှစ်တွင် တက္ကသိုလ်လူမှုရေးအသင်းတွင် အတွင်းရေးမှူးဖြစ်လာသည်။ [၇] ၁၉၅၄ခုနှစ်တွင် လူမှုရေးလေ့လာမှု ဒီပလိုမာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
အစိုးရဝန်ထမ်းဘဝ ပြင်ဆင်ရန်
နာသန်သည် အစိုးရဝန်ထမ်းဘဝကို ၁၉၅၅ ခုနှစ်တွင် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းအဖြစ် စတင်ခဲ့သည်။ နောက်တစ်နှစ်တွင် သင်္ဘောသားလှုမှုဖူလုံရေး အရာရှိရာထူးကို ရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်၌ အမျိုးသား ကုန်သွယ်ရေး သမဂ္ဂကွန်ဂရက်တွင် အလုပ်သမားရေးရာ သုတေသနဌာနသို့ ပူးတွဲတာဝန်ချထားခြင်း ခံရသည်။ အဆိုပါဌာနတွင် လက်ထောက်ညွှတ်ကြားရေးမှူး၊ နောက် ညွှန်ကြားရေးမှူး ရာထူးများဖြင့် ၁၉၆၆ခုနှစ် ဇန်နဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၂] အာဖရိက-အာရှ ပြည်သူများ ကြံ့ခိုင်ရေးအသင်း (Afro-Asian People's Solidarity Organisation) သို့ စင်ကာပူနိုင်ငံ အသင်းဝင်ခွင့် ရရှိရေးကို ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။ [၃] အမျိုးသား ကုန်သွယ်ရေး သမဂ္ဂကွန်ဂရက်၏ နာယကလူကြီးများအဖွဲ့တွင ၁၉၈၃ မှ ၁၉၈၈ ဧပြီလအထိ တာဝန်ယူခဲ့သည်။[၈][၉]
၁၉၆၆ခု ဖေဖော်ဝါရီတွင် နာသန်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တာဝန်ပြောင်းရွှေ့ပေးခဲ့သည်။ လက်ထောက်အတွင်းဝန် ရာထူးဖြင့် စတင်လုပ်ကိုင်ပြီး ဒုအတွင်းဝန် ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၇၁ ဇန်နဝါရီတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒုအတွင်းဝန်အဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ် ဩဂုတ် ၆ ရက်နေ့တွင် ကာကွယ်ဝန်ကြီးဌာန၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးအဖြစ် ထပ်မံပြောင်းရွှေ့ခဲ့ပြန်သည်။ [၁၀] ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော လာယုအရေးအခင်းတွင် ဂျပန်တပ်နီတော်မှ အကြမ်းဖက်သမားအချို့နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ဦးမှ [၁၁] အကြမ်းဖက်သမားအချို့တို့သည် စင်ကာပူကမ်းရိုးတန်းအလွန်ရှိ ဘူကွန်ကျွန်း (Pulau Bukom) ပေါ်မှ ဆီသိုလှောင်တိုင်ကီများကို ဗုံးကျဲခဲ့လေသည်။ ထိုအရေးအခင်းတွင် အရပ်သားအချို့ကို ဖမ်းဆီးထားရာ ပြန်လွှတ်ပေးရန်အတွက် နာသန်မှာ အကြမ်းဖက်သမားများလက်သို့ ဓားစာခံအဖြစ် လိုက်ပါသွားခဲ့သည်။ ဂျပန်တပ်နီတော်က ဓားစာခံအဖြစ် ကူဝိတ်လေဆိပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းနှင့်အတူ အခြားအစိုးရ အရာရှိအချို့လည်း ဓားစာခံအဖြစ် လိုက်ပါခဲ့သည်။[၁၂][၁၃] သူ၏ရဲရင့်မှုအတွက် ၁၉၇၄ခု ဩဂုတ်လတွင် Pingat Jasa Gemilang (Meritorious Service Medal) ဆုတံဆိပ် ချီးမြှင့်ခဲ့သည်။ [၁၄]
၁၉၇၉ ဖေဖော်ဝါရီတွင် မူလဌာနဖြစ်သော နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပထမဦးဆုံး အမြဲတမ်းအတွင်းဝန် ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ်တွင် အစိုးရအလုပ်မှ ထွက်ပြီး သတင်းစာလုပ်ငန်းဖြစ်သော Strait Times Press ၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုပြောင်းရွှေ့မှုကို သတင်းစာဆရာအချို့က စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးလာမည့် အစိုးရ၏အကြံဟု မှတ်ယူပြီး အနက်ရောင်လက်ပတ်များ ဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြသေးသည်။ နာသန်က ၂၀၁၀ ခုနှစ်အတွင်းက အင်တာဗျူးတစ်ခုတွင် “သတင်းစာဆရာတွေ မျှော်လင့်ထားတဲ့အလုပ်တွေကို ကျနော်လုပ်ပြတဲ့အခါ သူတို့ကျနော့်အပေါ်မှာ ယုံကြည်ချက်တွေ အစပျိုးလာခဲ့တယ်” ဟုဆိုသည်။[၃] ၁၉၈၂ နှင့် ၁၉၈၈ အကြားတွင် နာသန်သည် ကုမ္ပဏီများစွာ၏ အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူခဲ့သည်။ ထိုကုမ္ပဏီများတွင် the Singapore Mint, The Straits Times Press (London), Singapore Press Holdings နှင့် Marshall Cavendish တို့လည်း ပါဝင်သည်။ ၁၉၉၆ မှ ၁၉၉၉ ဩဂုတ်အတွင်း Singapore Internal Media တွင် ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ၁၉၇၃ မှ ၁၉၈၆ အတွင်း Mitsubishi Heavy Industries Singapore ၏ ဥက္ကဋ္ဌအဖြစ်၎င်း၊ ၁၉၈၃ မှ ၁၉၈၈ ဧပြီအတွင်း Hindu Endowments Board ၏ဥက္ကဋ္ဌအဖြစ်၎င်း တာဝန်များယူခဲ့သည်။ ထို့အပြင် စင်ကာပူ-အိန္ဒိယ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ကိုပူးတွဲထူထောင်ခဲ့ပြီး ၁၉၉၉ ဩဂုတ်လအထိ နာယကလူကြီးအဖြစ် တာဝန်ယူခဲ့သည်။ [၉]
၁၉၈၈ ဧပြီတွင် မလေးရှားနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ ကော်မရှင်နာမင်းကြီးအဖြစ်၎င်း၊ ၁၉၉၀ ဂျူလိုင်တွင် အမေရိကန်နိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးအဖြစ် (၁၉၉၆ ဇွန်လအထိ) ၎င်း တာဝန်ထမ်းဆောင်ခဲ့သည်။ [၉] ထို့နောက် စင်ကာပူနိုင်ငံသို့ ပြန်လာပြီး ရာထူးအမြင့်ဆုံး သံအမတ်ကြီးအဖြစ် တိုင်းပြည်နှင့် ပြည်သူများကို ကိုယ်စားပြုခဲ့သည်။ နန်ယန်းနည်းပညာတက္ကသိုလ် ကာကွယ်ရေးနှင့် မဟာဗျူဟာ လေ့လာရေးသိပ္ပံတွင် ညွှန်ကြားရေးမှူးအဖြစ်လည်း တွဲဘက်တာဝန်ယူထားသေးသည်။ ထို့နောက် ၁၉၉၉ ဩဂုတ် ၁၇ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ရွေးချယ်ခံနိုင်ရန် ထိုရာထူးများအားလုံးမှ နုတ်ထွက်ခဲ့သည်။[၉]
သမ္မတအဖြစ် ပြင်ဆင်ရန်
၁၉၉၉ ခုနှစ် စင်ကာပူနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် မစ်စတာ နာသန်ကို သမ္မတအဖြစ် ပြိုင်ဘက်မရှိ တင်မြှောက်နိုင်ခဲ့သည်။ အခြား ရွေးကောက်ပွဲဝင် သမ္မတလောင်း နှစ်ဦးမှာ ရွေးကောက်ပွဲစည်းမျဉ်းများအရ ရွေးကောက်ခံခွင့် မရှိတော့သောကြောင့် တစ်ဦးတည်းသော သမ္မတလောင်းဖြစ်လာပြီး ရွေးကောက်ပွဲကို အလွယ်တကူ အနိုင်ရခဲ့သည်။ [၂] ထိုစဉ်က ဝါရင့်ဝန်ကြီး လီကွမ်ယူ နှင့် သမ္မတဟောင်း ဝီကင်ဝီးတို့၏ ထောက်ခံမှုဖြင့် သမ္မတ ဖြစ်လာခဲ့သည်။ [၂] ၁၉၉၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။[၁၅]
သမ္မတ နာသန်သည် ၂၀၀၀ ခုနှစ်မှ စတင်ကာ မရှိနွမ်းပါးသူများအတွက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတ တိုနီတန်၊ ၂၀၁၇ ခုနှစ်တွင် သမ္မတ ယာကွပ် ဟာလီမာတို့မှလည်း အဆိုပါလှုပ်ရှားမှုကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်အထိ စင်ကာပူဒေါ်လာ သန်းပေါင်း ၁၆၀ ရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်သည်။[၁၆]
၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်လည်း အခြားရွေးကောက်ပွဲဝင် သမ္မတလောင်း သုံးဦးကို ရွေးကောက်ခံခွင့် မရှိဟု ရွေးကောက်ပွဲကော်မတီမှ ကြေညာခဲ့ပြီး [၁၇] မစ်စတာနာသန်မှာ တစ်ဦးတည်းသော သမ္မတလောင်း ဖြစ်လာကာ ၎င်း၏ဒုတိယအကြိမ် သမ္မတသက်တမ်းကို ဆက်လက်ရယူနိုင်ခဲ့သည်။ [၂] ဒုတိယသက်တမ်းကို ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆို၍ လက်ခံခဲ့သည်။[၉] ၂၀၁၆ ခုနှစ်အထိတွင် နာသန်သည် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ခဲ့ဖူးသော တစ်ဦးတည်းသော သမ္မတဖြစ်သည်။[၁]
၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် သမ္မတ နာသန်သည် နိုင်ငံ၏ အရံငွေကြေးထဲမှ စင်ကာပူဒေါ်လာ သန်းပေါင်း ၄၉၀၀ ကို ထုတ်ယူပြီး အရေးပေါ်စီးပွားရေး ကယ်တင်မှုလုပ်ဆောင်ရန် အစိုးရကို ခွင့်ပြုပေးခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ပြည်သူများ အခက်အခဲမတွေ့စေရေး ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ထိုငွေများကို ကဏ္ဍနှစ်ခုတွင်း အသုံးပြုခဲ့သည်။ ပထမတစ်ခုမှာ Jobs Credit scheme ဖြစ်ပြီး အလုပ်ရှင်များ အနေနှင့် မိမိတို့အလုပ်သမားများကို လုပ်ခလစာငွေများ ပေးချေနိုင်ရင် ငွေကြေးအကူအညီပေးသည့် scheme ဖြစ်သည်။ ဒုတိယတစ်ခုမှာ အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်စေရန် ငွေကြေးအကူအညီပေးသည့် scheme ဖြစ်သည်။ ဤအရံငွေကြေး အသုံးပြုခြင်း အခွင့်အာဏာသည် သမ္မတထံ၌ တည်နေပြီး ၂၀၀၉ တွင် ပထမဆုံးအကြိမ်အဖြစ် ထိုအာဏာကို ကျင့်သုံးခြင်းဖြစ်သည်။[၁၈]
အငြိမ်းစားအနားယူခြင်း ပြင်ဆင်ရန်
၂၀၁၁ ခုနှစ် ဂျူလိုင် ၁ ရက်နေ့တွင် သမ္မတ နာသန်သည် ၎င်း၏ တတိယသက်တမ်းကို ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု ကြေညာလိုက်သည်။ အသက် ၈၇ နှစ်ရှိပြီဖြစ်ပြီး အသက်အရွယ်ကြီးရင့်လာမှုမှာ အဓိကအကြောင်းအရင်း ဖြစ်သည်ဟုဆိုသည်။ ၂၀၁၁ စက်တင်ဘာ ၁ ရက်နေ့တွင် သမ္မတအိမ်တော်မှ ဆင်းပေးခဲ့ပြီး ၎င်း၏ နောက်တွင် တိုနီတန် သမ္မတ ဖြစ်လာခဲ့သည်။ [၁၉] ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ၎င်း၏စာအုပ်တစ်အုပ်ဖြစ်သည့် An Unexpected Journey: Path to the Presidency[၆] ထွက်ရှိလာခဲ့သည်။ ထိုစာအုပ်ကို ဝန်ကြီးချုပ် လီရှန်လုံးက launch လုပ်ပေးခဲ့သည်။ [၂၀] တစ်ချိန်ထဲမှာပင် အဆင့်မြင့်ပညာရေး ကျောင်းသားများကို ကူညီထောက်ပံ့နိုင်ရန် အက်စ် အာရ် နာသန် ပညာရေးရန်ပုံငွေကို ထူထောင်ခဲ့သည်။[၂၁]
သမ္မတအနေဖြင့် နာသန်သည် စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်၏ နာယကအဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၁၁အထိ၎င်း၊ စင်ကာပူ လူမှုရေးသိပ္ပံတက္ကသိုလ်တွင် ၂၀၀၆ မှ ၂၀၁၁ အထိ၎င်း တာဝန်ယူခဲ့သည်။ စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ်၏ လူမှုရေးသိပ္ပံကျောင်းနှင့် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံ တို့တွင် လည်း အကြီးတန်းသုတေသီအဖြစ် တာဝန်ယူခဲ့သည်။[၂၂] [၂] Inter-Religious Organisation တွင်လည်း နာယကအဖြစ် ၂၀၁၂ ခုနှစ်မှ သေဆုံးချိန်အထိ တာဝန်ယူခဲ့သေးသည်။[၂၃]
မိသားစုဘဝ ပြင်ဆင်ရန်
၁၉၅၈ခု ဒီဇင်ဘာ ၁၅ တွင် အာမီလာနန်ဒေး (၁၉၂၉ တွင်မွေးဖွား) [၂၄][၂၅] အားလက်ထပ်ခဲ့သည်။ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။
သေဆုံးခြင်းနှင့် ဇာပန ပြင်ဆင်ရန်
၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် မစ်စတာနာသန်သည် ရုတ်တရက် လေဖြတ်သွားခဲ့ပြီး စင်ကာပူနိုင်ငံ အထွေထွေဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခဲ့သည်။ [၂၆] ထိုဆေးရုံမှာပင် ၂၀၁၆ ဩဂုတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ ၄၈ မိနစ်၌ အနိစ္စရောက်ခဲ့သည်။[၁] ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးဖြစ်သူ အာမီလာနန်ဒေး၊ သမီး ဂျူသီကာ၊ သားဖြစ်သူ အိုဆစ်သ်၊ မြေးသုံးဦးနှင့် သူ၏ညီမ ဆန်ဒါရီတို့ ကျန်ရစ်သည်။[၁][၂၇]
၎င်းအား လေးစားသောအားဖြင့် ၂၃ မှ ၂၆ ဩဂုတ်အတွင်း သုံးရက်တာမျှ အစိုးရအဆောက်အဦးအားလုံးတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူရန် အစိုးရမှ ကြေညာခဲ့သည်။ ပါလီမန်အဆောက်အဦး၌ ရုပ်ကလာဒ်အား ထားရှိပြီး ပြည်သူများလာရောက် ဂါရဝပြုနှုတ်ဆက်စေခဲ့သည်။[၂၈]
ဩဂုတ် ၂၆ တွင် နိုင်ငံတော် ဇာပနကို ကျင်းပပေးခဲ့သည်။ ရုပ်ကလာဒ်ကို ၂၅-အမြောက်တင်ကားဖြင့် ပါလီမန်အဆောက်အဦးမှ အမျိုးသားတက္ကသိုလ်ရှိ တက္ကသိုလ်ယဉ်ကျေးမှုစင်တာသို့ ပို့ဆောင်ခဲ့သည်။ တိုင်းပြည်တွင် ထင်ရှားပြီး မစ်စတာ နာသန်၏ ဘဝအစိတ်အပိုင်းများကို ထင်ဟပ်သော အဆောက်အဦး၊ နေရာများမှ ရုပ်ကလာဒ်ကို ဖြတ်ကာသယ်ဆောင်ခဲ့သည်။ [၂၉] အခမ်းအနားတွင် ဝန်ကြီးချုပ် လီရှန်လုံး၊ သံအမတ်ကြီး တိုမီကိုး နှင့် ဂိုပီနက်သ် ပီလိုင်းတို့က ဝမ်းနည်းကြောင်း နှုတ်ဆက်စကား ပြောခဲ့သည်။[၃၀] အခမ်းအနားတွင် သမ္မတနာသန်အကြိုက် တေးတစ်ပုဒ်ဖြစ်သော "Thanjavooru Mannu Eduthu" ("The Sands of Thanjavur") ကိုဖွင့်လှစ်ခဲ့သည်။[၃၁]
နိုင်ငံတော် ဇာပနအပြီးတွင် ရုပ်အလောင်းကို မန်ဒိုင်းသုသာန်တွင် သဂြိုဟ်ခဲ့သည်။။[၂၈]
အမွေအနှစ်ဂုဏ်ဒြပ် ပြင်ဆင်ရန်
- သမ္မတနာသန်ကို ဂုဏ်ပြုပြီး ၂၀၁၈ ခုနှစ်တွင် စင်ကာပူနိုင်ငံ လူမှုရေးသိပ္ပံဆိုင်ရာ တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဝန်ဆောင်မှုကျောင်းကို အက်စ် အာရ် နာသန် လူ့စွမ်းအားအရင်းအမြစ်ကျောင်းဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။
ဆုတံဆိပ်များနှင့် ဂုဏ်ပြုမှုများ ပြင်ဆင်ရန်
၁၉၇၅ တွင်ချီးမြှင့်ခဲ့သော Pingat Jasa Gemilang (Meritorious Service Medal) ဆုတံဆိပ်သာမက ၁၉၆၄ တွင် the Bintang Bakti Masyarakat (Public Service Star) ဆုတံဆိပ်နှင့် ၁၉၆၇ တွင် the Pingat Pentadbiran Awam (Perak) (Public Administration Medal, Silver) ဆုတံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်။[၂] ၂၀၁၃ ဩဂုတ် ၈ တွင် the Darjah Utama Temasek (Order of Temasek) (First Class) ချီးမြှင့်ခဲ့ပြီး[၃၂]၂၀၀၆ တွင် Order of the Bath ချီးမြှင့်ခဲ့သည်။
၁၉၉၉ မှ ၂၀၁၁ အထိ စင်ကာပူအမျိုးသားတက္ကသိုလ်၏ သဘာပတိအဖြစ် တာဝန်ယူခဲ့သောကြောင့် ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်မှ Eminent Alumni ဆု၊[၃၃] ၂၀၁၂ ခုနှစ် ဂျူလိုင် ၅ ရက်နေ့တွင် ဂုဏ်ထူးဆာင်စာပေပါရဂူဘွဲ့ an honorary Doctor of Letters (D.Litt.) တို့ကိုချီးမြှင့်ခဲ့သည်။[၃၄] အမျိုးသားသား စီမံခန့်ခွဲမှု တက္ကသိုလ်ကလည်း ၂၀၁၄ ဂျူလိုင်လ ၁၄ တွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းခဲ့သည်။[၃၅] ၂၀၁၅ ခုနှစ်တွင် အမျိုးသား တက္ကသိုလ်၊ အနုပညာနှင့် လူမှုရေးသိပ္ပံကျောင်းမှ Distinguished Arts and Social Sciences Alumni ဆုကို ချီးမြှင့်ခဲ့သည်။[၃၆]
မစ်စတာနာသန်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် စင်ကာပူကင်းထောက်အဖွဲ့၏ ကင်းထောက်ချုပ်ဖြစ်သည်။ [၃၇] ထို့ကြောင့် ၂၀၀၅ ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ဆု the Asia-Pacific Regional Distinguished Scout Award နှင့် ၂၀၁၀ တွင် the Association's Distinguished Service Award (Gold) တို့ကို ရရှိခဲ့သည်။[၂]
နိုင်ငံတကာမှ ဆုများအဖြစ် ၂၀၁၀ နိုဝင်ဘာ ၂၂ တွင် Bahrain နိုင်ငံမှပေးအပ်သော Al-Khalifa Order ဘွဲ့[၃၈]၊ ၂၀၁၁ ဇွန်လတွင် Mauritius နိုင်ငံ Mauritius တက္ကသိုလ်မှ ပေးအပ်သော honorary Doctor of Civil Law (D.C.L.) degree ဂုဏ်ထူးဆောင်ပါရဂူဘွဲ့[၃၉]၊ ၂၀၁၂ ခုနှစ်တွင် အိန္ဒိယအစိုးရမှ ပေးအပ်သော the Pravasi Bharatiya Samman (Overseas Indian Award) ဆု တို့ကိုလည်း ရရှိခဲ့သည်။[၄၀]
ရေးသားထုတ်ဝေခဲ့သော စာအုပ်အချို့ ပြင်ဆင်ရန်
Nathan, S. R. (2008), Singapore's Foreign Policy: Beginnings and Future, Singapore: MFA Diplomatic Academy, ISBN 978-981-0808-34-1.
- Nathan, S. R. (2010), Tan, Bernard T. G.; Wee, Seo Lay, eds., Why Am I Here?: Overcoming Hardships of Local Seafarers, Singapore: Centre for Maritime Studies, National University of Singapore, ISBN 978-981-0850-91-3.
- Nathan, S. R.; Auger, Timothy (2011), An Unexpected Journey: Path to the Presidency, Singapore: Editions Didier Millet, ISBN 978-981-4260-73-2.
- Nathan, S. R. (2011), Winning against the Odds: The Labour Research Unit in NTUC's Founding, Singapore: Straits Times Press, ISBN 978-981-4266-87-1.
- Nathan, S. R. (2013), The Crane and the Crab, Singapore: Epigram Books, ISBN 978-981-0735-90-6.
- Nathan, S. R.; Auger, Timothy (2013), S. R. Nathan: 50 Stories from My Life, Singapore: Editions Didier Millet, ISBN 978-981-4385-34-3.
- Nathan, S. R.; Auger, Timothy (2015), S. R. Nathan in Conversation with Timothy Auger, Singapore: Editions Didier Millet, ISBN 978-981-4610-03-2.
ကိုးကား ပြင်ဆင်ရန်
ပိုမိုသိလိုလျှင် ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်
- Lee, Siew Hua (19 October 2007), "President's tip on ageing: Don't think about it", The Straits Times, p. 29.
- Yap, Sonny; Lim, Richard; Leong, Weng Kam (2009), Men in White – The Untold Story of Singapore's Ruling Political Party, Singapore: Singapore Press Holdings, p. 145, ISBN 978-981-4266-24-6.
ပြင်ပလင့်ခ်များ ပြင်ဆင်ရန်
- Official website of The Istana and the President of the Republic of Singapore
- Official website of the President's Challenge
Political offices | ||
---|---|---|
Preceded by Ong Teng Cheong | President of Singapore 1999–2011 | Succeeded by Tony Tan Keng Yam |
Party political offices | ||
Preceded by Ong Teng Cheong | Nonpartisan nominee for President of Singapore 1999 (no ballot) 2005 (no ballot) | Succeeded by Tony Tan Keng Yam |