ဂလိုက်ဒါ

(ဂလိုက်ဒါယာဉ် မှ ပြန်ညွှန်းထားသည်)

ဂလိုက်ဒါ (ခိုစီးဂလိုက်ဒါ) စီးခြင်းသည် အားကစားနည်းတစ်မျိုးဖြစ်၏။ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် မူလက ဂလိုက်ဒါကိုအပျော်သက်သက် စီးခဲ့ကြသော်လည်း နောက်ပိုင်းတွင်တစ်ဦးနှင့်တစ်ဦးယှဉ် ပြိုင်ကြရာမှ အားကစားနည်းတစ်ရပ်အဖြစ်ပြောင်းလဲလာခဲ့သည်။

ဂလိုက်ဒါစီးခြင်း

ဂလိုက်ဒါသည် ၁၉ ရာစုနှစ်အတွင်းက စတင်ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်က ဝေဟင်တွင် ပျံသန်းနိုင်ရန်လူသားတို့ ကြံစည် ကြိုးပမ်းကြသည့် နည်းလမ်းများတွင်ဂလိုက်ဒါ၏ ရှေ့ပြေးဖြစ်သောလေယာဉ် များပါဝင်ခဲ့၏။အဆိုပါ လေယာဉ်များသည် အတောင်တစ်ထပ်၊ သို့မဟုတ်အတောင်နှစ်ထပ်ရှိကြ၏။စီးနင်း မည့်သူသည် ယင်းအတောင်အောက်ဘက်ဗဟိုချက်တွင် ခိုစီး၍လိုက်ပါရ၏။ တောင်ထိပ်သို့မဟုတ်အဆောက် အဦးတစ်ခု၏ အပေါ်မှ အောက်ဘက်သို့ပျံဝဲ၍ ဆင်းရသည်။

၁၉ ရာစုနှစ် အစပိုင်းတွင် ဂျာမနီနိုင်ငံ အုန်းမြို့သားအပ်ချုပ်သမား တစ်ဦးဖြစ်သူ အဲလဘရက်လုဒဝစ်ဘာဘလင်ဂါသည် ဂလိုက်ဒါ တစ်မျိုးကို တည်ဆောက်ပြီးလေတွင် ပျံဝဲနိုင်ခဲ့၏။ ၁၈၈၁ ခု မတ်လ ၃၁ ရက်နေ့တွင် ဘာဘလင်ဂါသည်လူထုပရိသတ် ၁၅,ဝဝဝ မျက်မှောက်တွင် ဒန်ညုမြစ်ကို ဖြတ်ကျော်ပျံသန်း ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ဘာဘလင်ဂါနောက် ဂလိုက်ဒါကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြံဆောင်ခဲ့သူမှာ ဂျာမန်လူမျိုးအော်တိုလီလီယန်သဲဖြစ်၏။ လီလီယန်သဲသည် ဖယောင်းစိမ်ထားသောပိတ်စများ၊ မိုးမခသားများဖြင့် တည်ဆောက်ထားသော ငှက်အတောင်သဏ္ဌာန်ရှိ ဂလိုက်ဒါဖြင့် အကြိမ်ပေါင်း ၂ဝဝဝကျော်ပျံသန်းခဲ့သည်။ အဝေးဆုံးပျံသန်းနိုင်သည့် အကွာအဝေးမှာ နှစ်ဖာလုံခန့်ဖြစ်သည်။ ဂလိုက်ဒါကို လေထဲတွင်လိုသလို ထိန်းသိမ်းနိုင်ရန်လီလီယန်သဲသည် ခန္ဓာကိုယ်ကို လှုပ်ရှားပေး၏။ယင်းသို့ ခန္ဓာကိုယ်ဖြင့် ထိန်းသည့် နည်းစနစ်ကို ခေတ်ပေါ် ဂလိုက်ဒါများတွင် ဆက်လက်အသုံးပြုလျက်ရှိကြသည်။ ၁၈၉၆ ခု ဩဂုတ် ၉ရက်နေ့ တွင်စမ်းသပ် ပျံသန်းနေစဉ် လီလီယန်သဲသည်ဂလိုက်ဒါကိုထိန်းသိမ်းနိုင်ခြင်း မရှိတော့သည့် အတွက် ဂလိုက်ဒါသည်အရှိန်ဖြင့်ထိုးကျပျက်စီးခဲ့၏။ လီလီယန်သဲသည် ဂလိုက်ဒါပျက်ကျရာမှရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံမှ ပါစီပီးလချားနှင့်အမေရိကန်နိုင်ငံမှ အောက်တေ့ဗ်ချနု တို့သည် လီလီယန်သဲ၏နည်းလမ်းကို အခြေပြုကာ ဂလိုက်ဒါများကို ဆက်လက်တည်ဆောက်ခဲ့သည်။ သို့သော် ထိုအချိန်တွင် စက်တပ်လေယာဉ်များ စတင်ပေါ်ပေါက်လာပြီဖြစ်ရာ ဂလိုက်ဒါများ၏တိုးတက်မှု အရှိန်အဟုန်မှာ တန့်သွားခဲ့ပြီး တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။

စရိတ်သက်သာစွာဖြင့် လေတွင်ပျံဝဲနိုင်သည့် အတွေ့အကြုံရရှိရေးအတွက် ဂလိုက်ဒါကိုပြန်လည် ဖော်ထုတ်ရန်ကြိုးပမ်းလာကြရာမှ ဂလိုက်ဒါ၏ အခန်းကဏ္ဍသည် ပြန်လည်ဆန်းသစ် လာခဲ့သည်။ ၁၉၇၂ ခုတွင် အင်္ဂလန် နိုင်ငံ၌ဂလိုက်ဒါကို စီးနင်းကြသူ အရေအတွက်သည် အနည်းငယ်မျှသာရှိခဲ့ သော်လည်း ၁၉၇၈ ခုနှစ်တွင် ၅ဝဝဝခန့်အထိရှိလာခဲ့၏။ အမေရိကန် နိုင်ငံတွင်မူ၂၅ဝဝဝ ခန့်ရှိလာ၏။တစ်ကမ္ဘာလုံးတွက်သော် ဂလိုက်ဒါ စီးနင်းသူပေါင်း ၆ဝဝဝဝ ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဂလိုက်ဒါသည် သမားရိုးကျ ဂလိုက်ဒါ (စက်မဲ့လေယာဉ်)ထက် စရိတ်သက်သာခြင်း၊ တည်ဆောက်ရန် သို့မဟုတ် ဝယ်ယူရန် လွယ်ကူခြင်းတို့ကြောင့် ယင်းကို အပျော်စီးသက်သက်အဖြစ် သာမကအားကစား နည်းတစ်မျိုးအဖြစ်လည်းတွင်ကျယ်စွာ အသုံးပြုလာခဲ့ခြင်း ပေဖြစ်သည်။ မျက်မှောက်ခေတ်တွင် အသုံးပြုလျက်ရှိသော လိုက်ဒါအမျိုးအစားများအနက် တြိဂံပုံစံ အတောင်ရှိ ဂလိုက်ဒါကို အသုံးများကြ၏။ယင်းကို ရိုဂယ်လိုဟုလည်း ခေါ်ကြ၏။ အာကာသယာဉ်များကိုမြေပြင်သို့ ညင်သာစွာ ဆင်းသက်လာစေရန် ဖရန်စစ်ရို ဂယ်လိုဆိုသူတီထွင်သော တြိဂံပုံစံ အတောင်ကိုအခြေပြု တည်ဆောက်ထားသောကြောင့် ရိုဂယ်လိုဟု ခေါ်ဝေါ်ခြင်းဖြစ်၏။ ယင်းရိုဂယ်လို ပျံဝဲသည့်အခါ တိုးဝင်လာသော လေကြောင့် ဖောင်းကြွနေသော အတောင်သည်ကတော့ ခြမ်းနှစ်ခြမ်းကိုဘေးချင်းယှဉ်ထားသကဲ့သို့ဖြစ်လာသည်။ အတောင်ကို ထိုကဲ့သို့ ဖောင်းကြွလာနိုင်အောင်ပျော့ပြောင်းသော အဝတ်၊ နိုင်လွန်စသည်တို့ဖြင့်ပြုလုပ်လေ့ရှိ၏။ အချို့ ဂလိုက်ဒါ များတွင်မူ သမားရိုးကျ ဂလိုက်ဒါကဲ့သို့ပင် ခိုင်ခံ့တောင့်တင်းသော အတောင်များ တပ်ဆင်ထားကြသည်။

ဂလိုက်ဒါကို စီးရာတွင် တတောင်ဆစ်ကို ကွေး၍တန်းနှစ်တန်းကို လက်ဖျားမှ တတောင်ဆစ် အထိ ကပ်ထားပြီးထောက်ထားသော လက်နှစ်ဘက်ကို အားပြုကာ ခိုစီးကြ၏။အချို့ကမူ ရှေ့မှတန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီးခန္ဓာကိုယ်ကို ကြိုးဖြင့် တွဲလဲဆွဲကာ ထိုင်လျက်ဖြစ်စေ၊ မှောက်လျက်ဖြစ်စေ စီးကြ၏။ ဂလိုက်ဒါကို ထိန်းသိမ်း ပဲ့ကိုင်ရန်အတွက်မူ ခန္ဓာကိုယ်ကို လိုသည့်ဘက်သို့အရွှေ့အပြောင်းပြုလုပ်ပေးရသည်။

ဂလိုက်ဒါကို လေထဲသို့ရောက်အောင် လွှတ်တင်ရာတွင် နည်းအမျိုးမျိုးကို အသုံးပြုကြ၏။အချို့ကမူ တောင်ဆင်ခြေလျှော တစ်လျှောက်ပြေးဆင်းကြ၏။ အချို့ကမူ ဂလိုက်ဒါကိုကြိုးနှင့်ချည်ပြီး ရှေ့မှဆွဲ ပြေးကြသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
🔥 Top keywords: အထူး:ရှာဖွေရန်ဗဟိုစာမျက်နှာမဟာရဋ္ဌသာရ၊ သျှင်အောင်ဆန်းသိပ္ပံပညာဂုဏ်ဆယ်ပါးအောင်ဆန်းစုကြည်မင်းအောင်လှိုင်ပင်းယ-စစ်ကိုင်းခေတ်ဂမ္ဘီသာရပျို့ဋီကာတိုက်မေတ္တသုတ်တင်ဦး (ဗိုလ်ချုပ်ကြီး သူရ)မြန်မာနိုင်ငံကန်တော်မင်းကျောင်းဆရာတော်ပထဝီဝင်ပုဂံမြန်မာပြည်အရှေ့တောင်အာရှနိုင်ငံများအသင်းကုန်းဘောင်မင်းဆက်အာရှပုဂံခေတ်ဒြပ်စင်အလောင်းမင်းတရားမဟာသမယသုတ်အနော်ရထာသမုဒ္ဒရာတပ်မတော်ပဋ္ဌာန်းဒုတိယ ကမ္ဘာစစ်လောကသာရ ဆုံးမစာပျို့ဘုရင့်နောင်အလင်္ကာပရိတ်ကြီး ၁၁ သုတ်ကုန်းဘောင်ခေတ်တပ်မတော် (ကြည်း)ပင်းယခေတ်ပထမ အင်္ဂလိပ် - မြန်မာစစ်စစ်ကိုင်းမင်းဆက်